Lemon Water က ဆီးလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့်
နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ဆီးလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအခြေအနေအပေါ် သက်ရောက်နေတယ်ဆိုတာကို လူအများစု သိထားပြီးဖြစ်မှာပါ။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုး ရှိသလို ကျန်းမာရေးကို အထောက်အကူမဖြစ်တာမျိုးလည်း ရှိပါတယ်။
လူအများစုဟာ သံပရာရည်သည် ဆီးလမ်းကြောင်းကျောက်များ၊ ဆီးပိုးဝင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းပြသာနာစသည်တို့အတွက် သဘာဝဆေးနည်းဖြစ်တယ်လို့ ကြားဖူး၊ မှတ်ဖူးကြမယ် ထင်ပါတယ်။
ဒီနေရာမှာ လတ်ဆတ်တဲ့ သံပရာသီး အကွင်းများ စိမ်ထားသောရေလား ၊ အချိုဓာတ်နဲ့ သံပရာပေါင်းစပ်ဖျော်ထားတဲ့ သံပရာဖျော်ရည်လား၊ သကြားနဲ့ ဖျော်သော လက်ညှစ်သံပရာရည်လား ကွဲပြားစေချင်ပါတယ်။
သကြား၊ သံပရာဖျော်ရည် သောက်ကောင်းစေဖို့ ထပ်ဆောင်းထည့်ကြတဲ့ အရောင်၊ အနံ့၊ အရသာတွေဟာ ဆီးလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးမရှိတဲ့အပြင် အနှောင့်အယှက်ပင် ဖြစ်စေပါသေးတယ်။
ရေသန့်ထဲသို့ သံပရာသီးကို အစက်အနည်းငယ်မျှ လတ်ဆတ်စွာ ညှစ်ထည့်၍ဖြစ်စေ၊ သံပရာကွင်း စိမ်ထားသောရေဖြစ်စေ သောက်ခြင်းသည်သာ ကျောက်ကပ်၌ အဖြစ်များသော Calcium Oxalate ကျောက်ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
သို့သော် ၎င်းနည်းလမ်းနှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်တစ်ချို့တော့ရှိနေပါတယ်။ ဒါတွေကတော့
- ဖြစ်ပေါ်ပြီးသား ဆီးလမ်းကြောင်းရှိကျောက်များကိုတော့ မကျေပျက်စေပါ
- ဆီးအတွင်း ကျောက်များ စီးမျောပါသွားစေခြင်းအတွက်လည်း အထူးတလည် မစွမ်းဆောင်ပေးပါ
- ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ပိုးများကိုလည်း မဖယ်ရှားပေးပါ
- ဆီးမထိန်းနိုင်ခြင်း ပြသာနာများကိုလည်း မဖြေရှင်းနိုင်ပါ။
ရေကို တစ်နေ့ အနည်းဆုံး နှစ်လီတာခွဲခန့် နေ့စဉ်ပုံမှန်သောက်ပေးခြင်းသည်သာ ဆီးလမ်းကြောင်းကျောက်များ ထပ်မဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ရေချည်းသောက်ရ၍ ငြီးငွေ့လျှင်တော့ သံပရာသီး အစက်အနည်းငယ်မျှ ညှစ်ထည့်သောက်သုံးခြင်းသည် စိတ်အပြောင်းအလဲဖြစ်၊ တစ်နေ့တာမှာ ရွှင်လန်းစေကာ အစာချေဖျက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။
သို့ဖြစ်၍ Lemon water သည် ဆီးလမ်းကြောင်းအတွက် အကျိုးကျေးဇူးများသည်ဟု မဆိုနိုင်သလို အန္တရာယ်လည်းမဖြစ်စေနိုင်ပါ။
ဆီးလမ်းကြောင်း ကျန်းမာစေဖို့အတွက် လမ်းညွှန်ပေးချင်တာကတော့ နေ့စဉ် စားသုံးမှုတွေထဲမှာ
- အငန်ကို ချင့်ချိန်စားသုံးဖို့
- ကယ်လ်ဆီယမ် အစားမများစေဖို့
- ကဖင်းဓာတ် ပါဝင်တဲ့ အစားအသောက်တွေကို လျှော့ချ မှီဝဲဖို့
- ပရိုတင်း မလွန်ကဲအောင် ဂရုစိုက်ဖို့နဲ့
- ရေသောက်များများသောက်သုံးဖို့ တို့ပါပဲ။
ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ အသီးအရွက်ဆိုတဲ့ နေရာမှာလည်း ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓညင်းသီးလိုမျိုးအရာကိုတော့ ရှောင်ဖို့ တလက်စတည်း သတိပေးပါရစေ။
Dr. MMT